မြင့်မြတ်သောအရှင်နှင့် ဆက်နွှယ်ခြင်း (ဇန်နဝါရီ ၁၇)
နှုတ်ကပတ်တော်ရှိ အရေးကြီးသောတန်ခိုး
“ထိုသို့အားဖြင့် အလွန်ကြီးမြတ်၍ အဖိုးထိုက်သော ကတိတော်များကို ငါတို့အား ပေးတော်မူပြီ။ ထိုကတိတော်များအားဖြင့် သင်တို့သည် လောက၌ တပ်မက်ခြင်းကြောင့် ဖြစ်သော ပျက်စီးခြင်းမှ လွတ်မြောက်၍၊ ဘုရားသခင်၏ စရိုက်လက္ခဏာတော် (မြင့်မြတ်သောသဘောတော်) ကို ဆက်ဆံသောသူ (share လုပ်သူ) များ ဖြစ်ကြသတည်း။” (၂ ပေတရု ၁:၄)
ကယ်တင်ရှင်သည် လူသားတို့၏ အားနည်းချက်များကို ကိုယ်တိုင်ခံယူ၍ အပြစ်ကင်းသော ဘဝဖြင့် အသက်ရှင်တော်မူခဲ့သည်။ သို့မှသာ လူသားတို့သည် မိမိတို့၏ အားနည်းသောသဘောကြောင့် အပြစ်ကို မအောင်မြင်နိုင်ဟု ကြောက်ရွံ့စရာ မလိုတော့ပေ။ (The Ministry of Healing, 180)
“ဤလောက၏မင်းသည် လာသော်လည်း ငါ၌ အဘယ်အခွင့်ကိုမျှ မရ” ဟု ယေရှုမိန့်တော်မူခဲ့သည် (ယောဟန် ၁၄:၃၀)။ ကိုယ်တော်၌ စာတန်၏ လှည့်စားမှုများကို တုံ့ပြန်မည့် မည်သည့်အရာမျှ မရှိပါ။ ကိုယ်တော်သည် အပြစ်ပြုရန် သဘောမတူခဲ့ပါ။ အတွေးတစ်ခုမျှဖြင့်ပင် စုံစမ်းနှောင့်ယှက်ခြင်းကို အရှုံးမပေးခဲ့ပါ။ ကျွန်ုပ်တို့လည်း ထိုသို့ ဖြစ်နိုင်ပါသည်။ ခရစ်တော်၏ လူသားဖြစ်တည်မှုသည် မြင့်မြတ်သော တန်ခိုးတော်နှင့် ပေါင်းစပ်ထားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ခြင်းအားဖြင့် ကိုယ်တော်သည် တိုက်ပွဲအတွက် အဆင်သင့် ဖြစ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ စရိုက်လက္ခဏာတော်ကို ခံယူသူများဖြစ်စေရန် လာခဲ့ခြင်းဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ဆက်နွှယ်နေသရွေ့၊ အပြစ်သည် ကျွန်ုပ်တို့အပေါ် မည်သည့်အစိုးရခြင်းမျှ မရှိနိုင်တော့ပါ။ (The Desire of Ages, 123)
ကျွန်ုပ်တို့သည် အပြစ်ရှိသော စိတ်တိမ်းညွတ်မှု တစ်ခုကိုမျှ ဆက်လက်ထိန်းသိမ်းထားရန် မလိုအပ်ပါ။ ကျွန်ုပ်တို့သည် မြင့်မြတ်သော သဘောတော်ကို ခံယူကြစဉ်၊ မျိုးရိုးလိုက်၍သော်လည်းကောင်း၊ မွေးမြူထား၍သော်လည်းကောင်း ဖြစ်ပေါ်လာသော မှားယွင်းသည့် လက္ခဏာများသည် စရိုက်ထဲမှ ပြတ်တောက်သွားပြီး ကျွန်ုပ်တို့သည် ကောင်းမှုပြုရန်အတွက် အသက်ရှင်သော အင်အားစုများ ဖြစ်လာကြသည်။ မြင့်မြတ်သော ဆရာတော်ထံမှ အစဉ်အမြဲ သင်ယူလျက်၊ ကိုယ်တော်၏ သဘောတော်ကို နေ့စဉ်ခံယူလျက်၊ ကျွန်ုပ်တို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ရာတွင် ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြသည်။ (SDA Bible Commentary 7:943)
ဤအရာကို မည်သို့အောင်မြင်နိုင်မည်နည်းဆိုသည်ကို ခရစ်တော်က ကျွန်ုပ်တို့အား ပြသခဲ့သည်။ စာတန်နှင့် တိုက်ခိုက်ရာတွင် ကိုယ်တော်သည် မည်သည့်နည်းလမ်းဖြင့် အောင်မြင်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့်သာ ကိုယ်တော်သည် စုံစမ်းမှုကို တွန်းလှန်နိုင်ခဲ့သည်။ “ကျမ်းစာ၌ လာသည်ကား” ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့အားလည်း “အလွန်ကြီးမြတ်၍ အဖိုးထိုက်သော ကတိတော်များကို ပေးထားတော်မူပြီ။ ထိုကတိတော်များအားဖြင့် သင်တို့သည် မြင့်မြတ်သောသဘောတော်ကို ဆက်ဆံသောသူများ ဖြစ်ကြမည်…”။ ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ ကတိတော်တိုင်းသည် ကျွန်ုပ်တို့အတွက် ဖြစ်ပါသည်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရသောအခါ၊ အခြေအနေများကို သို့မဟုတ် မိမိကိုယ်တိုင်၏ အားနည်းချက်များကို မကြည့်ပါနှင့်၊ နှုတ်ကပတ်တော်၏ တန်ခိုးကိုသာ ကြည့်ပါ။ ၎င်း၏ ခွန်အားအားလုံးသည် သင်၏ ခွန်အားပင် ဖြစ်ပါသည်။ (The Desire of Ages, 123)
ကိုယ်တော်၏ ကတိတော်များကို အသက်ပင်၏ အရွက်များကဲ့သို့ ခိုင်မြဲစွာ ဆုပ်ကိုင်ထားပါ။ “ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်းပယ်မည်မဟုတ်” (ယောဟန် ၆:၃၇)။ သင်သည် ကိုယ်တော်ထံသို့ လာသောအခါ၊ ကိုယ်တော်သည် ကတိပေးထားသည့်အတိုင်း သင့်ကို လက်ခံတော်မူသည်ဟု ယုံကြည်ပါ။ သင်သည် ဤသို့ပြုနေသရွေ့ မည်သည့်အခါမျှ ပျက်စီးဆုံးရှုံးသွားမည် မဟုတ်ပါ—အလျှင်း ပျက်စီးမည်မဟုတ်ပါ။ (The Ministry of Healing, 66)
#TheFaithILiveBy #MissionReach2026
