ဘုရားသခင်သည် မေတ္တာတော်ဖြစ်တော်မူ၏ (ဖေဖော်ဝါရီလ ၂၂ ရက်)
ဘုရားသခင်၏ စရိုက်လက္ခဏာနှင့် ကံကြမ္မာအကျိုးပေး
“ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈)။
“ဘုရားသခင်သည် မေတ္တာတော်ဖြစ်၏။” ကိုယ်တော်၏ သဘာဝနှင့် ပညတ်တော်တို့သည် မေတ္တာပင်ဖြစ်သည်။ ထိုမေတ္တာသည် အစဉ်အမြဲရှိခဲ့ပြီး၊ ထာဝရအမြဲ တည်ရှိနေပါလိမ့်မည်။ (Patriarchs and Prophets, 33)
ဖန်ဆင်းခြင်းတန်ခိုးကို ဖော်ပြချက်တိုင်းသည် အတိုင်းအဆမရှိသော မေတ္တာတော်ကို ထင်ဟပ်ပြသခြင်း ဖြစ်သည်။ (Patriarchs and Prophets, 33)
နွေကာလနှင့် ဆောင်းကာလ၊ မျိုးစေ့ကြဲချိန်နှင့် ရိတ်သိမ်းချိန်၊ နေ့နှင့်ညတို့သည် တစ်ခုပြီးတစ်ခု အစီအစဉ်တကျ အစဉ်မပြတ် ဖြစ်ပေါ်နေခြင်းမှာ ကိုယ်တော်၏တန်ခိုးကြောင့် ဖြစ်သည်။ သစ်ပင်ပန်းမန်များ ရှင်သန်ဝေဆာခြင်း၊ သစ်ရွက်များထွက်လာခြင်းနှင့် ပန်းများပွင့်လန်းခြင်းတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ရရှိသမျှသော ကောင်းမြတ်သည့်အရာတိုင်း၊ နေရောင်ခြည်နှင့် မိုးရေစက်တိုင်း၊ အစားအစာတစ်လုတ်စီနှင့် အသက်ရှင်နေရသော အခိုက်အတန့်တိုင်းသည် မေတ္တာတော်၏ လက်ဆောင်များပင် ဖြစ်ကြသည်။ (Thoughts from the Mount of Blessing, 75)
ကောင်းကင်ဘုံ၌ စတင်ခဲ့သည့် အချိန်မှစ၍ ပုန်ကန်မှုကို နောက်ဆုံးခြေမှုန်းပြီး အပြစ်တရားကို အမြစ်ပြတ် သုတ်သင်သည့်တိုင်အောင် ဖြစ်ပျက်ခဲ့သော အကောင်းနှင့်အဆိုးကြားက မဟာတိုက်ပွဲ သမိုင်းကြောင်းသည်လည်း ဘုရားသခင်၏ မပြောင်းလဲသော မေတ္တာတော်ကို သက်သေပြခြင်းပင် ဖြစ်သည်။ (Patriarchs and Prophets, 33)
ခရစ်တော်ကို လက်ဆောင်အဖြစ် ပေးသနားခြင်းသည် ခမည်းတော်ဘုရား၏ နှလုံးသားကို ထင်ရှားစေပါသည်။ (The Desire of Ages, 57)
ဘုရားသခင်သည် ဤလောကအတွက် မိမိ၏တစ်ပါးတည်းသောသားတော်ကို အံ့သြဖွယ်လက်ဆောင်အဖြစ် ပေးသနားတော်မူခဲ့သည်။ ဤလုပ်ရပ်၏အလင်း၌ ကြည့်မည်ဆိုလျှင်၊ ဘုရားသခင်သည် လူသားတို့အပေါ် ထားရှိသော မေတ္တာကိုပြသရန် ယခုထက်ပို၍ လုပ်ဆောင်နိုင်စရာမရှိတော့ကြောင်း အခြားသော ကမ္ဘာများမှ သတ္တဝါများပင် ဝန်ခံရပါလိမ့်မည်။ ကိုယ်တော်သည် မည်သည့်အတိုင်းအတာနှင့်မျှ တွက်ချက်၍မရနိုင်သော စွန့်လွှတ်အနစ်နာခံမှုကို ပြုခဲ့ပါသည်။ (The Review and Herald, January 3, 1907)
လူထောင်ပေါင်းများစွာတို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏ ဂုဏ်အင်္ဂါရပ်များအပေါ် မှားယွင်းသော အယူအဆများ ရှိနေကြသည်။ သူတို့သည် ဗာလ (Baal) နတ်ဘုရား၏ အစေခံများကဲ့သို့ပင် မှားယွင်းသော ဘုရားကို ကိုးကွယ်နေကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ခရစ်တော်နှင့် သဘာဝတရားတို့တွင် ဖော်ပြထားသည့်အတိုင်း စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်နေကြသလား၊ သို့မဟုတ် ကိုယ်တော့်နေရာတွင် ဒဿနဆိုင်ရာ ရုပ်တုတစ်ခုခုကို အစားထိုး အမြတ်တနိုး ကိုးကွယ်နေကြသလား။
ဘုရားသခင်သည် သမ္မာတရား၏ ဘုရားဖြစ်သည်။ တရားမျှတခြင်းနှင့် ဂရုဏာတော်တို့သည် ကိုယ်တော်၏ ပလ္လင်တော်၏ ဂုဏ်အင်္ဂါရပ်များ ဖြစ်သည်။ ကိုယ်တော်သည် မေတ္တာ၊ သနားကြင်နာမှုနှင့် နူးညံ့သော ကရုဏာတော်တို့၏ ဘုရားဖြစ်သည်။ ထိုအချက်များကို ကျွန်ုပ်တို့၏ ကယ်တင်ရှင် သားတော်ဘုရား၌ ထင်ရှားစေခဲ့သည်။ ကိုယ်တော်သည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့၏ ဘုရားလည်း ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့ ကိုးကွယ်ဆည်းကပ်နေသော အရှင်သည် ထိုကဲ့သို့သော အရှင်ဖြစ်ပြီး၊ ကိုယ်တော်၏ စရိုက်လက္ခဏာနှင့် တူညီလာစေရန် ကြိုးပမ်းနေပါက၊ ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်နေခြင်း ဖြစ်ပါသည်။ (Testimonies for the Church 5:174)
#TheFaithILiveBy
