ကောင်းကင်ဘုံနှင့် တစ်သားတည်းဖြစ်ခြင်း (မတ်လ ၁၈ ရက်)
“ကိုယ်တော်၏တရားတော်ကို ချစ်သောသူတို့သည် များစွာသောငြိမ်သက်ခြင်းရှိကြသည်ဖြစ်၍၊ အဘယ်အရာမျှ သူတို့ကို မမှားယွင်းစေနိုင်ပါ။” (ဆာလံ ၁၁၉:၁၆၅)
အာဒံသည် သူ၏သားမြေးတို့အား ဘုရားသခင်၏ ပညတ်တော်ကို သွန်သင်ခဲ့ပြီး၊ ၎င်းကို ဖခင်မှသားသို့ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းခဲ့ကြသည်။ သို့သော်… ထိုပညတ်တော်ကို လက်ခံ၍ နာခံသူ အနည်းငယ်သာ ရှိခဲ့သည်။ ပညတ်တော်ကို ကျူးလွန်ခြင်းကြောင့် ဤလောကသည် အလွန်ယုတ်ညံ့လာသဖြင့် ၎င်း၏ ပုပ်သိုးပျက်စီးမှုများမှ သန့်စင်ရန် ရေလွှမ်းမိုးခြင်းဖြင့် ဆေးကြောရန် လိုအပ်လာခဲ့သည်။ ပညတ်တော်ကို နောဧနှင့် သူ၏မိသားစုက ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး၊ နောဧသည် သူ၏သားမြေးတို့အား ပညတ်တော် (၁၀) ပါးကို သွန်သင်ခဲ့သည်။ လူတို့သည် ဘုရားသခင်ထံမှ တစ်ဖန်ပြန်၍ ခွာသွားကြပြန်သောအခါ၊ ထာဝရဘုရားသည် အာဗြဟံကို ရွေးချယ်ခဲ့သည်။ အာဗြဟံနှင့် ပတ်သက်၍ ကိုယ်တော်က “အာဗြဟံသည် ငါ့စကားကို နားထောင်၍ ငါ့စီရင်ချက်၊ ငါ့ပညတ်၊ ငါ့ထုံးစံ၊ ငါ့တရားတို့ကို စောင့်ရှောက်လေပြီ” ဟု မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂၆:၅)
သိနာတောင်ပေါ်မှ ကြေညာခဲ့သော ပညတ်တော်နှင့် ပတ်သက်၍ နေဟမိက “ကိုယ်တော်သည် သိနာတောင်ပေါ်သို့ ဆင်းသက်၍ ကောင်းကင်ဘုံမှ သူတို့နှင့် စကားပြောတော်မူ၏။ ဟုတ်မှန်သော စီရင်ချက်၊ စစ်မှန်သော တရား၊ ကောင်းမြတ်သော ထုံးစံနှင့် ပညတ်တို့ကို သူတို့အား ပေးတော်မူ၏” ဟု ဆိုထားသည်။ (နေဟမိ ၉:၁၃)။ တမန်တော်ပေါလုကလည်း “ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တော်သည်လည်း သန့်ရှင်း၏၊ ဖြောင့်မတ်၏၊ ကောင်းမြတ်၏” ဟု ကြေညာခဲ့သည်။ (ရောမ ၇:၁၂)
ဤလောကတစ်ခုလုံးသည် ကျိုးကြောင်းဆင်ခြင်မှုအားဖြင့် ဖြစ်စေ၊ ရှေးထုံးတမ်းစဉ်လာအားဖြင့် ဖြစ်စေ၊ ရေးသားထားသော နှုတ်ကပတ်တော်အားဖြင့် ဖြစ်စေ၊ ပညတ်တော်ကို သိရှိခွင့်ရရှိသည့် အခွင့်အရေးအပေါ် မူတည်၍ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်ဖြင့် တရားစီရင်ခြင်းကို ခံရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ပညတ်တော်ထဲတွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မြင်တွေ့ရသည်။ ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိသော ဖြောင့်မတ်ခြင်း အခြေခံမူများကို လူသားတို့အား ဖော်ပြပေးခြင်းဖြင့် ပညတ်တော်ကျူးလွန်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများမှ လူသားတို့ကို ကာကွယ်ပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ပညတ်တော်သည် ဘုရားသခင်၏ အကြံအစည်တော်ကို ဖော်ပြချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် ထိုပညတ်တော်ကို လက်ခံရရှိသောအခါ၊ ၎င်းသည် ကျွန်ုပ်တို့၏ စိတ်ကူးအကြံအစည် ဖြစ်လာသည်။ ၎င်းသည် ကျွန်ုပ်တို့ကို သဘာဝအလျောက် ဖြစ်ပေါ်သော လိုအင်ဆန္ဒများနှင့် စရိုက်များထက်လည်းကောင်း၊ အပြစ်သို့ ဦးတည်စေသော သွေးဆောင်မှုများထက်လည်းကောင်း မြင့်မားသော နေရာသို့ ပင့်ဆောင်ပေးသည်။ “ကိုယ်တော်၏တရားတော်ကို ချစ်သောသူတို့သည် များစွာသောငြိမ်သက်ခြင်းရှိကြသည်ဖြစ်၍၊ အဘယ်အရာမျှ သူတို့ကို မမှားယွင်းစေနိုင် (သို့မဟုတ်) ခလုတ်မတိုက်စေနိုင်”။ မဖြောင့်မတ်ခြင်း၌ ငြိမ်သက်ခြင်းမရှိပါ။ ဆိုးညစ်သောသူတို့သည် ဘုရားသခင်နှင့် စစ်ဖြစ်နေကြသည်။ သို့သော် ခရစ်တော်အားဖြင့် ပညတ်တော်၏ ဖြောင့်မတ်ခြင်းကို လက်ခံရရှိသူသည် ကောင်းကင်ဘုံနှင့် တစ်သားတည်း (Harmony) ဖြစ်နေပါသည်။
ခရစ်တော်၌ ပညတ်တော်ကို လက်ခံရရှိခြင်းဖြင့်၊ ၎င်းသည် ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို စင်ကြယ်စေပြီး ထာဝရကာလပတ်လုံး ကျွန်ုပ်တို့အတွက် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးမည် ဖြစ်သည်။
#TheFaithILiveBy
