ပညတ်တော်၏ ကြီးမြတ်သော အခြေခံမူ
“သင်တို့သည် ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။” (ယောဟန် ၁၄:၁၅)
ပညတ်တော်ကို ဟေဗြဲလူမျိုးများအတွက်သာ သီးသန့်ရည်ရွယ်၍ မိန့်ကြားခဲ့ခြင်း မဟုတ်ပါ။ ဘုရားသခင်သည် သူတို့ကို ကိုယ်တော်၏ ပညတ်တော်ကို ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ခန့်အပ်ခြင်းဖြင့် ဂုဏ်ပြုခဲ့သော်လည်း၊ ၎င်းပညတ်တော်သည် တစ်လောကလုံးအတွက် သန့်ရှင်းသော ယုံကြည်အပ်နှံမှု (Sacred trust) အဖြစ် ထိန်းသိမ်းထားရန် ဖြစ်ပါသည်။ ပညတ်တော် (၁၀) ပါး၏ ညွှန်ကြားချက်များသည် လူသားအားလုံးနှင့် ကိုက်ညီပြီး၊ အားလုံးကို ဆုံးမသွန်သင်ရန်နှင့် အုပ်ချုပ်ရန်အတွက် ပေးသနားခဲ့ခြင်း ဖြစ်သည်။ တိုတောင်းပြီး အနှစ်သာရပြည့်စုံကာ အာဏာစက်ရှိသော ပညတ် (၁၀) ပါးသည် ဘုရားသခင်နှင့် လူသားအချင်းချင်းအပေါ် ထားရှိရမည့် တာဝန်ဝတ္တရားများကို လွှမ်းခြုံထားပြီး၊ အားလုံးသည် “မေတ္တာ” ဟူသော ကြီးမြတ်သည့် အခြေခံမူအပေါ်တွင် အခြေတည်ထားသည်။ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အသက်အကြွင်းမဲ့၊ အစွမ်းသတ္တိအကြွင်းမဲ့၊ ဉာဏ်အကြွင်းမဲ့ ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကိုယ်နှင့်အမျှ ချစ်လော့။” (လုကာ ၁၀:၂၇)
ဘုရားသခင်၏ ပညတ်တော်သည် အသစ်ပေါ်ပေါက်လာသော အရာမဟုတ်ပါ။ ၎င်းသည် အသစ်ဖန်တီးထားသော သန့်ရှင်းခြင်းမျိုး မဟုတ်ဘဲ၊ ရှိနှင့်ပြီးသား သန့်ရှင်းခြင်းကို သိရှိအောင် ပြုလုပ်ပေးခြင်းသာ ဖြစ်သည်။ ၎င်းသည် ကရုဏာ၊ ကောင်းမြတ်ခြင်းနှင့် မေတ္တာတို့ကို ဖော်ပြသည့် အခြေခံမူများ၏ စုစည်းမှုဖြစ်သည်။ ကျဆုံးသွားသော လူသားတို့အား ဘုရားသခင်၏ စရိုက်လက္ခဏာကို ဖော်ပြပေးပြီး လူသားတို့၏ တာဝန်ဝတ္တရား အလုံးစုံကို ရှင်းလင်းစွာ ဖော်ပြထားသည်။
သန့်ရှင်းသော ပညတ်တော်၏ ညွှန်ကြားချက်များတွင် ဘုရားသခင်သည် စုံလင်သော အသက်တာ၏ စံနှုန်းကို ပေးထားသည်။ ဤလောကကုန်ဆုံးသည်အထိ ဤပညတ်တော်သည် အစက်တစ်စက်မျှ ပြောင်းလဲခြင်းမရှိဘဲ လူသားတို့အပေါ် အတည်ဖြစ်နေမည်ဟု ကိုယ်တော် ကြေညာခဲ့သည်။ ခရစ်တော်သည် ပညတ်တော်ကို မြှင့်တင်ရန်နှင့် ဂုဏ်ပြုရန် ကြွလာခဲ့သည်။ ကိုယ်တော်သည် မိမိ၏ အသက်တာဖြင့် ဘုရားသခင်၏ ပညတ်တော်ကို နာခံခြင်းဆိုင်ရာ စံနမူနာကို ပြသခဲ့သည်။ တောင်ပေါ်ဒေသနာတော်တွင် ပညတ်တော်၏ တောင်းဆိုချက်များသည် အပြင်ပန်းလုပ်ဆောင်ချက်များထက်မကဘဲ စိတ်နှလုံး၏ အတွေးအခေါ်နှင့် ရည်ရွယ်ချက်များကိုပါ စစ်ဆေးကြောင်း ကိုယ်တော် ဖော်ပြခဲ့သည်။
ယနေ့တွင် ဘုရားသခင်သည် လူသားတို့အား မိမိတို့၏ အိမ်နီးချင်းကို ချစ်၊ မချစ် ပြသရန် အခွင့်အရေး ပေးထားသည်။ ဘုရားသခင်နှင့် မိမိ၏ လူသားချင်းကို စစ်မှန်စွာ ချစ်သောသူသည် ချို့တဲ့သူများ၊ ဆင်းရဲဒုက္ခရောက်သူများ၊ နာကျင်နေသူများနှင့် သေလုမြောပါးဖြစ်နေသူများအပေါ် ကရုဏာပြသောသူ ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းကို မိမိတို့ လျစ်လျူရှုထားသော အလုပ်များကို ပြန်လည်လုပ်ဆောင်ရန်နှင့် လူသားတို့အပေါ်ရှိ ဖန်ဆင်းရှင်၏ ကိုယ်ကျင့်တရားပုံသဏ္ဌာန်ကို ပြန်လည် တည်ဆောက်ရန် ခေါ်ယူနေပါသည်။
ပညတ်တော် (၁၀) ပါးဖြစ်သော “ပြုလော့” နှင့် “မပြုရ” ဟူသော အချက်များသည် စကြဝဠာကို အုပ်ချုပ်သော ပညတ်ကို ကျွန်ုပ်တို့ နာခံပါက ရရှိမည့် “ကတိတော် ၁၀ ပါး” ပင် ဖြစ်သည်။ “သင်တို့သည် ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။” (ယောဟန် ၁၄:၁၅)
#TheFaithILiveBy
