ကယ်တင်ခြင်းတန်ခိုး၏ ကြီးမြတ်သော အစိတ်အပိုင်း
“သင်တို့သည် ယုံကြည်အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရကြ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်၊ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ အဘယ်သူမျှ ဝါကြွားစရာအကြောင်းမရှိစေခြင်းငှာ၊ အကျင့်ကြောင့် ကယ်တင်ခြင်းသို့ ရောက်သည်မဟုတ်။” (ဧဖက် ၂:၈၊ ၉)
ကျေးဇူးတော်ဆိုသည်မှာ မထိုက်တန်သော လူသားတို့အပေါ် ထားရှိသော ဘုရားသခင်၏ စရိုက်လက္ခဏာတော် (Attribute) တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကျေးဇူးတော်ကို မရှာဖွေခဲ့သော်လည်း၊ ၎င်းသည် ကျွန်ုပ်တို့ကို ရှာဖွေရန် စေလွှတ်ခြင်း ခံခဲ့ရသည်။
ဘုရားသခင်၏ ကျေးဇူးတော်သည် ကယ်တင်ခြင်းတန်ခိုး၏ ကြီးမြတ်သော အစိတ်အပိုင်းဖြစ်ပြီး၊ ၎င်းမပါဘဲ လူသားတို့၏ ကြိုးပမ်းအားထုတ်မှုဟူသမျှသည် အချည်းနှီးသာ ဖြစ်သည်။
သင်သည် ခရစ်တော်၌ ရှိနေပါသလား? သင်သည် မိမိကိုယ်ကို မှားယွင်းတတ်သော၊ အကူအညီမဲ့သော၊ စီရင်ခြင်းခံရသော အပြစ်သားဖြစ်ကြောင်း ဝန်မခံပါက ခရစ်တော်၌ ရှိနေသူမဟုတ်ပါ။ မိမိကိုယ်ကိုယ် မြှင့်တင်၍ ဘုန်းတော်ကို ရှာနေပါကလည်း ခရစ်တော်၌ ရှိနေသူမဟုတ်ပါ။ သင့်၌ ကောင်းသောအချက်တစ်စုံတစ်ရာ ရှိနေပါက၊ ၎င်းသည် သနားကြင်နာတတ်သော ကယ်တင်ရှင်၏ ကရုဏာတော်ကြောင့်သာ ဖြစ်သည်။ သင်၏ မျိုးရိုး၊ ဂုဏ်သတင်း၊ ချမ်းသာကြွယ်ဝမှု၊ စွမ်းရည်၊ သီလ၊ ဘုရားဝတ်၌ မွေ့လျော်မှု သို့မဟုတ် သင်နှင့် ပတ်သက်နေသော အခြားမည်သည့်အရာကမျှ သင်၏ဝိညာဉ်နှင့် ခရစ်တော်အကြား ပေါင်းစည်းမှု အနှောင်အဖွဲ့ကို မဖြစ်ပေါ်စေနိုင်ပါ။ ခရစ်တော်ကို အမှန်တကယ် မယုံကြည်ပါက၊ သင်သည် အသင်းတော်နှင့် ဆက်စပ်နေခြင်း သို့မဟုတ် ညီအစ်ကိုများက သင့်ကို အထင်ကြီးလေးစားနေခြင်းတို့သည် ဘာမျှအကျိုးရှိမည် မဟုတ်ပါ။ ကိုယ်တော်၏ အကြောင်းကို သိရုံဖြင့် မလုံလောက်ပါ၊ ကိုယ်တော်ကို “ယုံကြည်” ရမည် ဖြစ်သည်။ ကိုယ်တော်၏ ကယ်တင်သော ကျေးဇူးတော်အပေါ်တွင်သာ အလုံးစုံ မှီခိုရမည် ဖြစ်သည်။
သင့်တောင်းဆိုမှုကို စောင့်ကြိုနေသော ကြွယ်ဝလှသည့် ကျေးဇူးတော်နှင့် တန်ခိုးတော်များကို သင်နားလည်သဘောပေါက်စေလိုပါသည်။
ဘုရားသခင်သည် ကိုယ်တော်၏သားတော်ကို နှိုင်းယှဉ်၍မရသော ဆုလာဘ်အဖြစ် ပေးသနားရာတွင်၊ ကမ္ဘာကြီးကို ပတ်ပတ်လည် ဝန်းရံထားသော လေထုကဲ့သို့ပင် စစ်မှန်သော ကျေးဇူးတော်လေထုဖြင့် တစ်လောကလုံးကို ဝန်းရံထားစေခဲ့သည်။ ဤအသက်ပေးသော လေထုကို ရှူရှိုက်ရန် ရွေးချယ်သူတိုင်းသည် အသက်ရှင်ကြလိမ့်မည်ဖြစ်ပြီး၊ ခရစ်တော်ယေရှု၌ အရွယ်ရောက်သော အမျိုးသား၊ အမျိုးသမီးများအဖြစ် ကြီးထွားလာကြလိမ့်မည်။
ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ (မကောင်းသော) လုပ်ရပ်နှင့် ထိုက်တန်သလို ကျွန်ုပ်တို့ကို မဆက်ဆံပါ။ ကျွန်ုပ်တို့၏ အပြစ်များကြောင့် စီရင်ခြင်း ခံထိုက်သော်လည်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို မစီရင်ပါ။ တစ်နှစ်ပြီးတစ်နှစ် ကိုယ်တော်သည် ကျွန်ုပ်တို့၏ အားနည်းမှု၊ အသိဉာဏ်နည်းမှု၊ ကျေးဇူးကန်းမှုနှင့် ခေါင်းမာမှုတို့ကို သည်းခံတော်မူခဲ့သည်။ ကျွန်ုပ်တို့ လမ်းမှားသို့ ရောက်နေပါသော်လည်း… ကိုယ်တော်၏ လက်တော်သည် ဆန့်တန်းလျက်ပင် ရှိနေပါသည်။
ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ဘုရားသခင် တောင်းဆိုသမျှ အရာအားလုံးကို ကျွန်ုပ်တို့ ပြည့်စုံအောင် လုပ်ဆောင်နိုင်ပါသည်။
#TheFaithILiveBy
