လူသားမျိုးနွယ်အပေါ် ပေးသနားတော်မူသော ဘုရားသခင်၏လက်ဆောင် (ဖေဖော်ဝါရီ ၈)
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆)
ဘုရားသခင်၏ နှလုံးသားတော်သည် လောကရှိ သားသမီးများအတွက် သေခြင်းထက် ခိုင်မြဲသောမေတ္တာဖြင့် တသသ တောင့်တနေပါသည်။ ကိုယ်တော်သည် သားတော်ကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် ကောင်းကင်ဘုံတစ်ခုလုံးကို လက်ဆောင်တစ်ခုအဖြစ် ကျွန်ုပ်တို့ထံ သွန်းလောင်းပေးခဲ့ပါသည်။ (Steps to Christ, 21)
ထိုလက်ဆောင်တော်အားဖြင့် ယေဟောဝါဘုရား၏ မကုန်ခန်းနိုင်သော ကောင်းမြတ်ခြင်းများသည် တစ်နေ့ပြီးတစ်နေ့ ကျွန်ုပ်တို့ထံ စီးဆင်းလာပါသည်။ နူးညံ့သောအရောင်အသွေးနှင့် မွှေးကြိုင်သောရနံ့ရှိသည့် ပန်းတိုင်းကို ထိုလက်ဆောင်တော်အားဖြင့် ကျွန်ုပ်တို့ ပျော်ရွှင်နိုင်ရန် ပေးသနားထားခြင်း ဖြစ်ပါသည်။ နေနှင့်လကိုလည်း ကိုယ်တော်ကပင် ပြုလုပ်တော်မူ၏။ ကောင်းကင်ယံကို လှပစေသော ကြယ်များအနက် ကိုယ်တော်မဖန်ဆင်းသော ကြယ်ဟူ၍ တစ်လုံးမျှမရှိပါ။ ကျွန်ုပ်တို့၏ စားပွဲပေါ်ရှိ အစာအာဟာရတိုင်းသည်လည်း ကျွန်ုပ်တို့ အသက်ဆက်နိုင်ရန် ကိုယ်တော်ပေးသနားထားခြင်း မဟုတ်သည်မရှိပါ။ ခပ်သိမ်းသောအရာတို့အပေါ်တွင် ခရစ်တော်၏ အမှတ်အသား ရှိနေပါသည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်တည်းဟူသော ဖော်ပြ၍မရနိုင်သည့် လက်ဆောင်တော်အားဖြင့် လူသားတို့ထံ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ လက်ရာတော်များ (လူသားများ) ထံသို့ ဤကောင်းချီးမင်္ဂလာများ စီးဆင်းနိုင်စေရန်အတွက် ကိုယ်တော်သည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံခဲ့ပါသည်။ (Testimonies for the Church 8:288)
ကျွန်ုပ်တို့၏ လူသားသဘာဝကို ယူဆောင်ခြင်းအားဖြင့် ကယ်တင်ရှင်သည် လူသားမျိုးနွယ်နှင့် မည်သည့်အခါမျှ မပြတ်တောက်တော့မည့် ဆက်နွယ်မှုဖြင့် မိမိကိုယ်ကို ချည်နှောင်ခဲ့ပါသည်။ ထာဝရကာလတစ်လျှောက်လုံး ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ဆက်နွယ်နေပါလိမ့်မည်။ “ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ကိုယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များကို ထမ်းဆောင်ရန်နှင့် ယဇ်ကောင်အဖြစ် အသေခံရန်အတွက်သာ သားတော်ကို ပေးခဲ့ခြင်းမဟုတ်ဘဲ၊ ကျဆုံးသွားသော လူသားမျိုးနွယ်ထံသို့ပါ အပြီးအပိုင် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြောင်းလဲခြင်းမရှိသော ငြိမ်သက်ခြင်းအကြံအစည်ကို ကျွန်ုပ်တို့အား စိတ်ချစေရန်၊ ဘုရားသခင်သည် သားတော်ကို လူသားမိသားစုဝင်တစ်ဦး ဖြစ်လာစေပြီး လူသားသဘာဝကို ထာဝရထိန်းသိမ်းထားစေရန် ပေးသနားခဲ့ပါသည်။ ဤအရာသည် ဘုရားသခင်က ကိုယ်တော်၏ကတိတော်ကို တည်စေမည်ဟူသော အာမခံချက် (အပေါင်ပစ္စည်း) ပင် ဖြစ်သည်။ “ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။” (ဟေရှာယ ၉:၆)။ ဘုရားသခင်သည် သားတော်အားဖြင့် လူသားသဘာဝကို မွေးစားခဲ့ပြီး ၎င်းကို အမြင့်ဆုံးသော ကောင်းကင်ဘုံသို့ ယူဆောင်သွားခဲ့ပြီဖြစ်သည်။ … ကောင်းကင်ဘုံသည် လူသားသဘာဝထဲတွင် ကိန်းဝပ်နေပြီး၊ လူသားမျိုးနွယ်သည် အနန္တမေတ္တာတော်၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ခြင်း ခံထားရပါသည်။ (The Desire of Ages, 25, 26)
ခရစ်တော်သည် အနှိုင်းမဲ့သော နှိမ့်ချမှုဖြင့် မိမိကိုယ်ကို နှိမ့်ချခဲ့သည်မှာ၊ ကိုယ်တော်သည် ဘုရားသခင်၏ ပလ္လင်တော်ပေါ်သို့ ချီးမြှောက်ခြင်းခံရသောအခါ ကိုယ်တော်ကို ယုံကြည်သူများကိုလည်း ပလ္လင်တော်ပေါ်တွင် အတူတကွ စံပယ်နိုင်ရန် ချီးမြှောက်ပေးလိုသောကြောင့် ဖြစ်ပါသည်။ (Fundamentals of Christian Education, 179)
#TheFaithILiveBy
