ခေတ်ကာလနှစ်ခုလုံးအတွက် ဧဝံဂေလိတရား
“ကောင်းမြတ်စုံလင်သော ဆုလာဘ်ရှိသမျှတို့သည် အထက်အရပ်မှဖြစ်၍၊ ပြောင်းလဲခြင်း၊ အရိပ်ကျသဖြင့် တိမ်းစောင်းခြင်းနှင့် ကင်းလွတ်တော်မူသော အလင်းတန်ခိုးရှင် ခမည်းတော်ထံမှ ဆင်းသက်လာကြ၏။” (ယာကုပ် ၁:၁၇)
အာဒံအပြစ်ထဲသို့ ကျဆုံးချိန်မှစ၍ အပြစ်ပြုခြင်းသည် ဤလောက၏ ထုံးစံတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ ထို့ကြောင့် အပြစ်ဆိုသည်မှာ အဘယ်နည်းဟူသည်ကို သိရှိထားရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအတွက် အရေးကြီးပါသည်။ တမန်တော်ယောဟန်က “အပြစ်ကိုပြုသောသူမည်သည်ကား၊ ပညတ်တရားကိုလွန်ကျူး၏။ ပညတ်တရားကိုလွန်ကျူးခြင်းသည် အပြစ်ဖြစ်၏” ဟု ကြေညာထားပါသည်။ (၁ ယောဟန် ၃:၄)
ဘုရားသခင်၏ ရည်ရွယ်ချက်မှာ… အပြစ်မှ ကယ်တင်ရန် ဖြစ်သည်။ ပုပ်သိုးပျက်စီး၍ ပုံပျက်ပန်းပျက်ဖြစ်နေသော ဝိညာဉ်ကို သန့်စင်စေပြီး အသစ်ပြုပြင်ပြောင်းလဲပေးရန် ဖြစ်သည်။
ဧဝံဂေလိတရားအားဖြင့် စာတန်၏ကျွန်ဖြစ်ပြီး ယုတ်ညံ့နေသော ဝိညာဉ်များကို ဘုရားသခင်၏သားသမီးများ ခံစားရသော ဘုန်းကြီးသော လွတ်မြောက်ခြင်းကို ခံစားရစေရန် ရွေးနုတ်ပေးမည် ဖြစ်သည်။ ဧဝံဂေလိတရားသည် ဘုရားသခင်၏ တန်ခိုးနှင့် ဉာဏ်ပညာတော် ဖြစ်သည်။
ခရစ်တော်သည် ဘုရားသခင်၏ စရိုက်လက္ခဏာတော်ကို ကိုယ်စားပြုရန် ဤလောကသို့ စေလွှတ်ခြင်း ခံရသည်။ ကိုယ်တော်တိုင်သည်ပင်လျှင် ဧဝံဂေလိတရား ဖြစ်တော်မူသည်။
ဧဝံဂေလိတရားကို ယုံကြည်၍ သွန်သင်ပါသည်ဟု ဆိုကြသောသူ အများအပြားသည် ဓမ္မဟောင်းကျမ်းစာကို ဘေးဖယ်ထားကြသည်။ ထိုကျမ်းနှင့် ပတ်သက်၍ ခရစ်တော်က “ထိုကျမ်းစာသည် ငါ၏သက်သေဖြစ်၏” ဟု မိန့်တော်မူခဲ့သည်။ (ယောဟန် ၅:၃၉)။ ဓမ္မဟောင်းကို ငြင်းပယ်ခြင်းသည် လက်တွေ့တွင် ဓမ္မသစ်ကိုပါ ငြင်းပယ်ခြင်း ဖြစ်သည်။ အကြောင်းမူကား ကျမ်းနှစ်စောင်လုံးသည် ခွဲခြား၍မရသော တစ်ခုတည်းသော အစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ ပညတ်တော်ကို ဧဝံဂေလိတရားမပါဘဲ (သို့မဟုတ်) ဧဝံဂေလိတရားကို ပညတ်တော်မပါဘဲ မှန်ကန်စွာ မတင်ပြနိုင်ပါ။ ပညတ်တော်သည် ဧဝံဂေလိတရားကို ပုံဖော်ထားခြင်းဖြစ်ပြီး၊ ဧဝံဂေလိတရားသည် ပညတ်တော်ကို ဖွင့်ပြထားခြင်း ဖြစ်သည်။ ပညတ်တော်သည် အမြစ်ဖြစ်ပြီး၊ ဧဝံဂေလိတရားမှာမူ ထိုအမြစ်မှ သီးပွင့်လာသော မွှေးကြိုင်သည့် အပွင့်နှင့် အသီး ဖြစ်ပါသည်။
သိနာတောင်ပေါ်မှ ပညတ်တော်ကို ကြေညာခဲ့သော အရှင်၊ မောရှေထံသို့ ဘာသာရေးထုံးစံဆိုင်ရာ ပညတ်များကို ပေးအပ်ခဲ့သော အရှင်သည်ပင်လျှင် တောင်ပေါ်ဒေသနာကို ဟောကြားခဲ့သော အရှင် ဖြစ်သည်။ ခေတ်ကာလ (Dispensations) နှစ်ခုလုံးတွင် သွန်သင်သူမှာ တစ်ဦးတည်းသာ ဖြစ်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များသည် အတူတူပင်ဖြစ်ပြီး ကိုယ်တော်၏ အုပ်ချုပ်မှုအခြေခံမူများသည်လည်း အတူတူပင် ဖြစ်သည်။ အကြောင်းမှာ ထိုအရာအားလုံးသည် “ပြောင်းလဲခြင်း၊ အရိပ်ကျသဖြင့် တိမ်းစောင်းခြင်းနှင့် ကင်းလွတ်တော်မူသော” အရှင်ထံမှ ဆင်းသက်လာသောကြောင့် ဖြစ်သည်။
ဓမ္မသစ်ကျမ်း၏ ဧဝံဂေလိတရားသည် အပြစ်သားနှင့် ကိုက်ညီစေရန်နှင့် အပြစ်ထဲ၌ရှိစဉ် ကယ်တင်ရန်အတွက် ဓမ္မဟောင်း၏ စံနှုန်းကို လျှော့ချထားခြင်း မဟုတ်ပါ။ ဘုရားသခင်သည် ကိုယ်တော်၏ လက်အောက်ခံအားလုံးထံမှ နာခံမှုကို တောင်းဆိုထားသည်။ ကိုယ်တော်၏ ပညတ်တော်ရှိသမျှကို အပြည့်အဝ နာခံရန် တောင်းဆိုထားပါသည်။
#TheFaithILiveBy
