ကျွန်ုပ်တို့၏ ဝန်ခံချက်သည် လက်တွေ့ဘဝနှင့် ဆန့်ကျင်နေသလော
“ပညတ်တရား၌ ဝါကြွားသောသင်သည် ပညတ်တရားကို လွန်ကျူးခြင်းအားဖြင့် ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသလော။ ကျမ်းစာ၌ လာသည်နှင့်အညီ၊ သင်တို့ကြောင့် ဘုရားသခင်၏ နာမတော်သည် တစ်ပါးအမျိုးသားတို့တွင် ကဲ့ရဲ့ခြင်းကို ခံရ၏။” (ရောမ ၂:၂၃၊ ၂၄)
အသင်းတော်၌ ပါဝင်သော်လည်း သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း မဖြစ်သူအားလုံးသည် အချိန်တန်လျှင် သူတို့၏ စရိုက်မှန်ကို ဖော်ပြလာကြလိမ့်မည်။ “သူတို့၏ အသီးအားဖြင့် သူတို့၏ သဘောကို သိရကြလိမ့်မည်။” (မဿဲ ၇:၁၆)။ သူတို့၏ အသက်တာတွင် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ချိုးခြံချွေတာခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်း၊ ချစ်ခြင်းနှင့် စေတနာထားခြင်းဟူသော အဖိုးတန်အသီးများ ပေါ်ထွက်မလာဘဲ ဆူးပင်နှင့် ခလုတ်ပင်များကိုသာ သီးကြသည်။ ထိုသို့သော ဝန်ခံသူများကြောင့် လောကရှေ့မှောက်၌ ဘုရားသခင်သည် အသရေပျက်ရသည်။ သူတို့၏ စိတ်နှလုံးနှင့် အသက်တာ ပြောင်းလဲခြင်းမရှိသရွေ့ သူတို့သည် စာတန်အတွက် အကောင်းဆုံးသော လက်နက်များ ဖြစ်နေကြောင်း စာတန်သိသည်။ သူတို့၏ လုပ်ဆောင်ချက်များသည် သူတို့၏ ဝန်ခံချက်နှင့် အလွန်တရာ ဆန့်ကျင်ကွာခြားနေသောကြောင့် မယုံကြည်သူများအတွက် ခလုတ်အတားအဆီးဖြစ်စေပြီး၊ ယုံကြည်သူများအတွက်မူ ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်စေသည်။
မိမိတို့ကိုယ်ကို ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်ပါသည်ဟု ဆိုသော်လည်း၊ အဖိုးတန်သောအသီးကို မသီးဘဲ သူတို့၏ အသက်တာက ဝန်ခံချက်နှင့် ဆန့်ကျင်နေသူတို့သည် နောက်ဆုံးတရားစီရင်ရာနေ့တွင် မည်သို့သော အဖြေကို ပေးကြရမည်နည်း။
ကြီးမားသော အပြစ်ကျူးလွန်မှုများကို ကြောက်ရွံ့တုန်လှုပ်သူ အများအပြားပင်လျှင် သေးငယ်သောအရာများ၌ အပြစ်ပြုခြင်းကိုမူ အရေးမကြီးဟု ယူဆတတ်ကြသည်။ သို့သော် ဤအပြစ်ငယ်လေးများသည် ဝိညာဉ်ထဲရှိ ဘုရားဝတ်၌ မွေ့လျော်ခြင်းအသက်တာကို တိုက်စားပစ်တတ်သည်။ မှန်ကန်သောလမ်းမှ သွေဖည်သောလမ်းသို့ စတင်ခြေချလိုက်သော ခြေလှမ်းများသည် သေခြင်း၌ လမ်းဆုံးမည့် ကျယ်သောလမ်းသို့ ဦးတည်နေခြင်း ဖြစ်သည်။ ဆုတ်ယုတ်သော လှုပ်ရှားမှုတစ်ခုသည် စတင်လိုက်သည်နှင့် မည်သည့်နေရာတွင် လမ်းဆုံးမည်ကို မည်သူမျှ မပြောနိုင်ပါ။
ခရစ်တော်၏ စစ်မှန်သော တပည့်တော်သည် စံနမူနာရှင်ကို အတုယူရန် ကြိုးစားပါလိမ့်မည်။ သူ၏ မေတ္တာသည် စုံလင်သော နာခံခြင်းသို့ ဦးတည်စေလိမ့်မည်။ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ အလိုတော် ပြည့်စုံသကဲ့သို့၊ မြေကြီးပေါ်၌လည်း ပြည့်စုံစေရန် သူသည် လေ့လာအားထုတ်လိမ့်မည်။ စိတ်နှလုံးသည် အပြစ်ဖြင့် ညစ်ညမ်းနေဆဲဖြစ်သူမူကား ကောင်းသောအမှု၌ စိတ်အားထက်သန်မှု မရှိနိုင်သကဲ့သို့၊ မကောင်းမှုမှ ရှောင်ကြဉ်ရန်လည်း ဂရုမစိုက်တတ်ပေ။ သူသည် မိမိ၏ မထိန်းချုပ်နိုင်သော လျှာကို သတိမပြုမိသကဲ့သို့၊ မိမိကိုယ်ကိုယ် ငြင်းပယ်ရန်နှင့် ခရစ်တော်၏ ကားတိုင်ကို ထမ်းရန်လည်း ဂရုမစိုက်ပါ။
စိတ်နှလုံးကို အုပ်စိုး၍ အသက်တာကို ထိန်းချုပ်သော ဝိညာဉ်တော်၏ အသီးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သနားကြင်နာခြင်းနှင့် နှိမ့်ချသော စိတ်ရှိခြင်းတို့ ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူတို့သည် ဝိညာဉ်တော်အတိုင်း လိုက်လျှောက်ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်သည် သူတို့၌ ကိန်းဝပ်တော်မူသည်။
#TheFaithILiveBy
